Surprise Me!

ရန်ကုန်တိရိစ္ဆာန်ရုံအနီးရှိ Morning Star စားသောက်ဆိုင် အင်အားသုံးဖယ်ရှားခံရ

2017-06-15 5,209 Dailymotion

သတိပေးစာနှစ်ကြိမ်ပေးသော်လည်း နေရာမဖယ်ပေးဟုဆိုကာ ရန်ကုန် တိရစ္ဆာန်ရုံအနီးရှိ သစ်တောဦးစီးဌာနပိုင်မြေနေရာတွင်ဖွင့်လှစ်ထားသည့် Morning Star စားသောက်ဆိုင်ကို ဇွန် ၁၁ရက် နံနက်က ဥပဒေနှင့်အညီ အင်အားသုံးဖယ်ရှားခဲ့ရသည်ဟု ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမော်က မဇ္စျိမကိုပြောသည်။

"လွန်ခဲ့တဲ့ ၄နှစ်နဲ့ ၂ လတည်းက ဒီဆိုင်နဲ့ပတ်သက်လို့ ငှားရမ်းခငွေ တစ်စုံတစ်ရာယူခဲ့တာမရှိတော့ဘူး။ အစတည်းက တရားဥပဒေနဲ့အညီ ဖယ်ရှားဖို့ အတွက်ကို သတိပေးစာနှစ်ကြိမ်တိတိထုတ်ပြီးပြီ။ ထုတ်ပြီးတဲ့အချိန်မှာ သူတို့က ဖယ်ရှားမှုမရှိတဲ့အတွက် ဥပဒေအရ ဖယ်ရှားရတာဖြစ်ပါတယ် " ဟု ၎င်းကပြောဆိုသည်။

ဖယ်ရှားမည်ဟု အသိပေးထားသည့် ဇွန် ၁၁ ရက် နံနက် ၆နာရီတွင် သစ်တောဦးစီးဌာနမှ ဦးဆောင်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ နှင့် အလုပ်သမား စုစုပေါင်း ၂၇၀ ခန့်ဖြင့် အင်အားသုံးဖယ်ရှားခဲ့သည်ကို မြင်တွေ့ရသည်။

"မနက်ခင်းသူတို့ကားတွေနဲ့ ရောက်လာတာတွေ့လိုက်တယ် ရှေ့မှာလူတွေတွေ့လိုက်တယ် သိပ်တော့သတိမထားမိလိုက်ဘူး ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း အိပ်ယာကထလာတာကိုး။ ကျွန်တော်တို့က သူတို့ထွက်ထွက်ဆိုတော့ ထွက်လိုက်တာပဲ" ဟု ဝိတ်တာခေါင်းဆောင်ဖြစ်သူ ကိုပေါ်ထွန်းကမဇ္စျိမသို့ပြောသည်။

Morning Star စားသောက်ဆိုင်မှ အလုပ်သမား ခန့်မှန်းခြေ ၅၀ လောက် ဆိုင်အပြင်သို့ထွက်ခွာပေးခဲ့ရသည့် ဆိုင်နေရာကိုဖယ်ရှားနေချိန်တွင် ဆိုင်ပိုင်ရှင်နှင့် ဆိုင်မန်နေဂျာတို့ အဆိုပါဆိုင်တွင် မရှိတော့ကြောင်း ဝန်ထမ်းများကပြောဆိုသည်။

အဆိုပါ စားသောက်ဆိုင်သည် မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်မိကွန်ချန်း၏ အမျိုးသားဖြစ်သူ ဦးကျော်စိုးမိုး ငှားရမ်းလုပ်ကိုင်နေသည့် ဆိုင်လည်းဖြစ်သည်။

"ဆိုင်ပိုင်ရှင်တွေကိုတော့ မင်္ဂလာတောင်ညွှန့်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ သူတို့လက်ရှိအနေအထားကတော့ တိမ်းရှောင်နေတဲ့ အနေအထားပေါ့နော်။ ဥပစာနှင်ထုတ်မှု အက်ဥပဒေအရ သူတို့က အမိန့်ကိုမလိုက်နာဘူး ကျွန်တော်တို့က တရားဥပဒေအရ နို့တစ်စာ အကြိမ်ကြိမ်ပေးတယ်။ အမိန့်ကိုမလိုက်နာတဲ့အတွက်ကြောင့် အဲ့ဒိဥပဒေနဲ့ ဖွင့်တာပေါ့" ဟု ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမော်က ပြောသည်။

အဆိုပါ စားသောက်ဆိုင်ကို ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ် သြဂုတ်လမှ စတင်၍ အပြီးအပိုင်ဖယ်ရှားပေးရန် ညွှန်ကြားထားသော်လည်း ဆိုင်ပြောင်းရွှေ့ ဖွင့်လှစ်ရန်လိုအပ်သော အချိန်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့က၂၀၁၇ ဧပြီအထိ ဆိုင်ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မေလ ၅ ရက်တွင် ဥပဒေနှင့်အညီ ဖယ်ရှားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုခဲ့ပြီး ဇွန်လ ၁၁ ရက်နံနက်ပိုင်းတွင် နောက်ဆုံးထားဖယ် ရှားမပေးပါက ဥပဒေဖြင့်အညီ အင်အားးသုံးဖယ်ရှားမည်ဟု သစ်တောဦးစီးဌာနမှလည်း အဆိုပါဆိုင်ရှေ့တွင် အသိပေးစာကပ်ထားခဲ့သည်။

Morning Star စားသောက်ဆိုင်သည် မင်္ဂလာတောင်ညွှန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်မင်းခေါင်လမ်းထောင့်ရှိ သစ်တောဦးစီးဌာနပိုင် နေရာပေါ်တွင် ၂၀၀၂ ခုနှစ်မှ စတင်ကာ ၂၀၁၃ ခုနှစ်အထိ ၁၅ နှစ်ခန့် နှစ်ရှည်စာချုပ်ဖြင့် ဖွင့်လှစ်ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ သြဂုတ်လတွင် အစိုးရမှ ပြန်လည်ဖယ်ရှားခိုင်းခဲ့ခြင်းလည်းဖြစ်သည်။